Aung Myo Htut
Friday, May 31, 2013
အာလူးပုံပြင်
======
သူငယ်တန်း ကျောင်းဆရာမတဦးသည် သူ့အတန်းသား တပည့်များနှင့် ကစားနည်းတခု ကစားကြည့်ရန် ဆုံးဖြတ်လိုက်၏။ ဆရာမက ကျောင်းသားတဦးလျှင် အာလူးအနည်းငယ်စီ ပလပ်စတစ်အိတ်ထဲတွင် ထည့်ပြီး အတန်းသို့ယူလာခဲ့ရန် မှာကြားလိုက်သည်။
မိမိယူလာသော အာလူးတလုံးစီးကို မိမိက မုန်းတီးသော လူတယောက်၏အမည်ကို မှည့်ပေးရမည်။ ပလပ်စတစ်အိတ်ထဲတွင် ထည့်၍ ယူဆောင်လာသည့် အာလူးအရေအတွက်သည် ကလေးများက မုန်းတီးသည့် လူအရေအတွက်ပေါ် မူတည်နေ၏။
သို့နှင့် ကစားနည်းကို စတင်မည့်နေ့သို့ရောက်ရှိလာ၏။ ကလေးတိုင်းသည် မိမိမုန်းတီးသည့်လူများကို ကိုယ်စားပြုသည့် အာလူးများကို ယူ၍ ကျောင်းသို့ လာခဲ့ကြ၏။ တချို့က နှစ်လုံး၊ တချို့က သုံးလေးလုံး၊ တချို့ဆိုလျှင် ငါးလုံးထိပင် ယူလာကြသည်။ ဆရာမက ကလေးများကို ပလပ်စတစ်အိတ်ထဲ ထည့်ထားသည့် အာလူးများကို သွားလေရာ သယ်ဆောင်သွားရမည်။ ယုတ်စွအဆုံး အိမ်သာဝင်လျှင်ပင် ယူသွားရမည်ဟု မှာကြားထားသည်။ တပတ်လုံးလုံး ဤအတိုင်း ပြုလုပ်ရမည်ဖြစ်သည်။
တနေ့ပြီးတနေ့ ကုန်ဆုံးသွား၏။ ကလေးများသည် ပလပ်စတစ်အိတ်ထဲမှ မနှစ်မြို့ဖွယ်ရာ အာလူးပုပ်ရနံ့ကို ရှူရှိုက်ရသဖြင့် ညည်းညူမိကြသည်။
အာလူးငါးလုံးကို သယ်ဆောင်ရသူမှာ သူများထက် ပိုလေးသောကြောင့် ပို၍ ညည်းတွားမိသည်။ တပတ်ခန့်ကြာသောအခါ ကစားနည်းပြီးဆုံးသွား၍ ကလေးများ စိတ်လျော့ပါးသွားကြရသေည်။
ဆရာမက "တပတ်လုံးလုံး မင်းတို့ အာလူးတွေကို သယ်ဆောင်ရတာ ဘယ်လိုခံစားမိကြသလဲ" ဟု မေး၏။
ကလေးများက သွားလေရာ အနံ့တထောင်းထောင်းထသည့် အာလူးပုပ်အလေးကြီးကို သယ်ဆောင်ရသည့် ဒုက္ခကို အကြီးအကျယ်ခံစားကြရကြောင်း ပြော၏။
ထိုအခါကျမှ ဆရာမက ကစားနည်း၏ ထိန်မြှုပ်ထားသည့် အနက်အဓိပ္ပါယ်ကို ရှင်းလင်းပြတော့၏။
"ဒါဟာ မင်းတို့နှလုံးသားထဲမှာ သူတပါးကို မုန်းတီးတဲ့ အမုန်းတွေ သယ်ဆောင်ထားနေရတဲ့ အခြေအနေမှန်ကို ပြသခြင်းပဲ။ ဒီအမုန်းဆိုတဲ့ အပုပ်နံ့က မင်းတို့ရဲ့ နှလုံးသားကို ညစ်နွမ်းစေတာပါပဲ။ ဒါကြီးကို မင်းတို့သွားလေရာ သယ်ဆောင်သွားနေရတယ် မဟုတ်လား။ တပတ်အချိန်ကလေးကိုတောင် အာလူးပုပ်ရဲ့ ရနံ့ဆိုးကို မင်းတို့ သည်းမခံနိုင်ခဲ့ရင် တဘ၀လုံးအတွက် မင်းတို့ရဲ့ နှလုံးသားမှာ ထားရှိခဲ့တဲ့ အမုန်းတရားရဲ့ ရနံ့ဆိုးကို မင်းတို့ ဘယ်လိုလုပ်သည်းခံ တွန်းလှန်နိုင်ပါ့မလဲဆိုတာ စဉ်းစား ကြည့်ကြပေါ့ကွယ်"ဟု ဆရာမက ရှင်းပြသွား၏။
ဤပုံပြင်၏ အဓိကပေးလိုသော သင်ခန်းစာမှာ " သင့်နှလုံးသားတွင် ထားရှိသည့် အမုန်းများကို ထုတ်ပယ်လိုက်ပါ။ ဘ၀တလျှောက်လုံး သယ်ဆောင်မသွားပါနဲ့။ ခွင့်လွှတ်နိုင်အောင် ကြိုးစားပါ။ မေ့ပစ်လိုက်ပါ"ဟူ၍ ဖြစ်သည်။
ငြိမ်းအိမွန်
အကိုး။ ။ အင်တာနက်မှ Potato Story ကို ပြန်ဆိုပါသည်။
Subscribe to:
Posts (Atom)